Quantcast
Channel: နှစ်ချို့ကော်ဖီ
Viewing all 73 articles
Browse latest View live

ငြိမ်းချမ်းရေးသံစဉ်

$
0
0

ကျွန်တော့်ရဲ့ စစ်ပွဲကို ခဏရပ်ပါ ကဗျာကို အဆိုတော် 2fish&5 က သံစဉ်သွင်းပြီး ငြိမ်းချမ်းရေး အတွက် သီချင်းတစ်ပုဒ်အဖြစ် ပြုလုပ်ထားပါ..အောက်ပါလင့်ခ်မှာ ဒေါင်းလုပ်ဆွဲပြီး နားဆင်နိုင်ပါပြီ..။


ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည

ကမ္ဘာကြီး မရှိတော့တဲ့ စစ်ပွဲ

$
0
0
-->





မာရီယာရေ
စာရေးလိုက်တယ်
စစ်ပွဲတွေ မရှိတဲ့  ကမ္ဘာကို ငါတို့မတည်ဆောက်နိုင်ရင်
ကမ္ဘာကြီး မရှိတော့တဲ့ စစ်ပွဲ ကို ငါတို့ကလေးတွေ ရင်ဆိုင်ရလိမ့်မယ်..။

မာရီယာရေ
ချစ်ခြင်းနဲ့မာကျောတဲ့ နှလုံးသားလို
ငါတို့ လူသားအချင်းချင်း နာကျင်မှုနဲ့ဆုံးရှုံးနေရတယ်

မာရီယာရေ
ငါမင်းဆီကို စာရေးလိုက်တယ်
ဒီစာဟာ ခက်ထန်တဲ့ဒေါသတွေကြားက
မျက်ရည်တစ်စက်လို ခက်ခက်ခဲခဲ မင်းဆီရောက်လာရတာ

မာရီယာရေ
ငါမင်းဆီကို စာရေးလိုက်တယ်
မုန်းတိုင်းနဲ့ ငလျင်ကြား ငိုသံတွေစေးကပ်ကုန်တဲ့အထိ
ငါတို နာကျင်မာကြောမှုတွေနဲ့ ပြိုလဲခဲ့ရတဲ့စာလေ

မာရီယာရေ
ငါမင်းဆီစာရေးလိုက်တယ် …
မုန်တိုင်းနဲ့ လှိုင်းလုံးကြားက ကမ်းခြေပျောက်အနာဂါတ်တွေနဲ့အတူ

မာရီယာရေ
မင်းဆီကို ကမ္ဘာအရပ်ရပ်က စာတွေရောက်လာပြီပေါ့
ဘယ်နေရာမှာမှ ငြိမ်းချမ်းရေ အတည်တကျမရသေးဘူး မာရီယာ
နူးယောက်မြို့ကြီးကနေ ၃၈ မျဉ်းပြိုင်ဘေးက ကျေးရွာလေးတွေအထိ
ဂျာဗားကမ်းခြေကနေ အာဖရိကဦးချိုအထိ
စစ်ပွဲတွေ မပြီးသေးဘူးမာရီယာ

(စစ်ပွဲတွေ ပြီးရင် အိမ်ပြန်လာမယ် မာရီယာ စက္ကူလှေကလေးတွေ ခေါက်ပြီး
ကမ်းခြေတစ်လျှောက်လုံး ခရုခွံ့လှလှလေးတွေ ကောက်ကြရအောင် လေထဲမှာ ကနေတဲ့
မင်းဆံနွယ်ဖျားလေးတွေ ဖမ်းဖို့ ဖယောင်းတိုင် လှလှလေးတွေထွန်းပြီး အိုမီဂါ
ပုံစံလှီးထားတဲ့ သခွားသီးလေးတွေနဲ့ ၀ိုင်ချိုချိုနဲ့ တယောသံအေးအေးလေးတွေ
နဲ့... ငါကဗျာစာအုပ် ဖတ်နေတဲ့အချိန်တော့ မနှောင့်ယှက်နဲ့ မာရီယာ...။
ဒါပေမယ့် ငါစိုးရိမ်တာကတော့ စစ်ပွဲဟာ ဘယ်တော့မှ မပြီးတော့မှာပဲ..။
အကယ်လို့ စစ်ပွဲတွေ ပြီးရင်တော့ ငါအိမ်ကို ဆက်ဆက်ပြန်လာပါ့မယ် မာရီယာ...
မင်းနဲ့ အတူ ငါဆိုက်ကပ်မယ့် ကမ်းခြေလေး ပြာကျမနေဖို့လည်း
ငါဆုတောင်းနေရတယ်...။ ချစ်သောမာရီယာ စစ်ပွဲတွေပြီးဆုံးသွားဖို့
ငါနဲ့အတူဆုတောင်းပေးပါ...။)

မြောက်ဘက် ဧ၀ရတ်ကနေ အနောက်ဘက်ကမ်းခြေအထိ
အထိကရုဏ်းတွေ မငြိမ်းသေးဘူး မာရီယာ
ပဋိပက္ခတွေ ငြိမ်းချမ်းသွားရင် လက်နှက်တွေဖျက်သိမ်းရမယ်
လက်နှက်တွေက ပဋိပက္ခတွေကို ပြန်ဖန်တီးမှာဆိုးလို့ …

မာရီယာရေ
ငါအိမ်ကိုပြန်ရောက်ပါ့မလား
ငါပြန်မရောက်ခင်ရင်လည်း ငြိမ်းငြိမ်းချမ်းချမ်းဆုတောင်းပါ
ပြီးတော့ ကလေးတွေကို သင်ကြားပါ
 စစ်ပွဲ မရှိတော့တဲ့ ကမ္ဘာ
ကမ္ဘာကြီး မရှိတော့ စစ်ပွဲ
ဘယ်အရာက ကြာက်စရာကောင်းမလည်း ဆိုတာ

မာရီယာရေ
ငါ အိမ်ကိုပြန်ရောက်မယ်လို့ပဲ မျှော်လင့်ချက်ရှိရှိ ငါအသက်ရှင်တယ်
လူသားတိုင်းလည်း အိမ်ပြန်ရောက်ကြပါစေလို့
အဲဒါဆို
စစ်ပွဲ မရှိတော့တဲ့ ကမ္ဘာကို အနာဂါတ်မှာ ငါတို့ ကလေးတွေ ပိုင်ဆိုင်နိုင်ပြီပေါ့

မိုးလှိုင်ည





ကိုယ်ပိုင်ဘလက်ဟိုး

$
0
0

ဘာမှ မထူးခြားသေးဘူး ဇာတ်ညွှန်းက ကုန်နေပြီ ..။ စာသားတွေက တ၀ဲလည်လည်ထဲမှာ သန်းခေါင်ထက် နက်တဲ့ညတွေ ။ ပြီးတော့ လက်ပြနှုတ်ဆက်သွားသူတွေ  အော်သံခေါ်သံတွေကြား ကိုယ်ဘလက်ဟိုးလေးကိုတော့ ကိုယ်မပိုင် သင့်ဘူးလား  ကျောက်ချထားတဲ့ ကော်ခုံပုပေါ်မှာ လက်ဖက်ရည်ကျစိမ့် တစ်ခွက် အလင်းဖြူဖြူ ရွှေပြည်တော် မျှော်တိုင်းဝေးနဲ့ ကိုယ်တည်ငြိမ်နေလို့ရတာပဲ..။ အိမ်မပြန်သေးဘူးလား ဘယ်သူမှမမေးမယ့်လမ်းမှာ ပြန်စရာအိမ်တွေ ကိုယ့်ဘ၀ထဲမှာ ထည့်မထားလို့ အဲဒီတာဝန်တွေ ကိုယ်ထမ်းဆောင်နေစရာ မလိုဘူးလေ..။ ဘ၀မှာ ဘာမှမရှိပဲ နေလို့ရတယ်ဆိုတာ အရာရာရှိချင်နေတဲ့ လူတွေကမယုံဘူးလေ..။ နာရီတစ်လုံးကို အင်းယျားကန်ထဲ လွှင့်ပစ်ခါနီးက တစ်ယောက်မေးဘူးတယ် နာရီက အကောင်းကြီးကို။ ဒါပေမယ့် ငါအသုံးမလိုတော့ဘူးလေ ဆိုတော့ ခပ်ကြောင်ကြောင် ဟာသလို ကြားတဲ့သူက မရယ်ရဘူးတဲ့..။ တစ်ခါတစ်လေတော့တစ်ခါတည်းလေနေတာ နှစ်သုံးဆယ်ကြာပြီ။ ဘာမှမခံစားရဘူးဆိုတဲ့ကဗျာ သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်တဲ့ ကဗျာစာအုပ် တစ်အုပ် နောက်ကျောမှာ ပါသွားတယ်.. ။ ကိုယ်လည်း ပြန်ခံစားချင်လို့ မရတော့ဘူး..။ ဘ၀က ကဗျာထဲကလို ပျောက်ဆုံးသွားတာမျိုး ကဗျာက ဘ၀ထဲမှာပျောက်ဆုံးသွားတာမျိုး လောကကြီးက ခပ်ဆင်ဆင်ရယ်ပါ..။ တစ်ခါတစ်ခါတော့ တချို့သူငယ်ချင်းတွေလို ဓါတ်ပုံတွေချည်း လျှောက်ရိုက်ချင်နေတာ..။ ကိုယ်ပျင်းပျင်းရှိတိုင်း စကားလုံးတွေ အများကြီး ချမရေးချင်ဘူးလေ..။ အွန်လိုင်းပေါ်က နေရာလွတ်လေးရှိယုံ ကိုယ်လည်း လူကုံတန်လုပ်လို့ ရတာပဲ .. အနုပညာလေး ဖန်တီးလိုက် လူမှုကိစ္စလေးတွေ ၀င်ရောလိုက်..။ ဘာရယ်မဟုတ်တဲ့ အတိုင်း ကိုယ်သေသွားရင် အဲဒီပါတ်စဝေါ့တွေ ဘယ်မှာ သွားပစ်ထားမလည်း..။ အမွေးစားအမွေခံတွေလည်း မှန်ကန်မှားယွင်းတဲ့ အချက်အလက်တွေ နှစ်ပေါင်းကြာရင်တော့ ရတနာသိုက် ၊ ဒါမှမဟုတ် ရတနာအမှိုက်..။ တကယ်ဆို ကိုယ်အတွက် ကိုယ်ပိုင် ဘလက်ဟိုးလေး ပဲ လိုချင်တယ် ကိုယ် တိတ်တိတ်လေး ထွက်သွားချင်တယ်ပြီးတော့ လူခြေတိတ်ချိန်မှပြန်လာ။ ဘယ်သူနဲ့မှ နှုတ်ဆက်ပြုံးပြစရာ မလိုဘူး.. နေကောင်းလား ထမင်းစားပြီးပြီလား မလိုတဲ့ အနေအထားမျိုး..။ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံဟာ ကိုယ်မဟုတ်ဘူး အဲဒါ ဂျိမ်းဂျိုက်..။ အခု ကိုယ့်ရင်ထဲမှာ ပိုင်စိုးဝေရဲ့ တောက်တဲ့တွေ အော်နေတယ်..။ လိပ်စာကဒ်ကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ်။ ဟိုရှေ့  မှာကိုဖြိုးလာနေတယ်..။

မိုးလှိုင်ည

လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ

$
0
0
-->


နက်ဖြန်ခါကို ငါတို့ဘယ်လိုပိုင်မလဲ
လွှသွားများ သစ်ပင်ကိုဖြတ်တယ်
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ
ပန်းတွေလည်း မပွင့်နိုင်တော့
ဝတ်မှုန်တွေလည်း မကူးတော့
ကျေးငှက်တွေ တေးမဆိုတော့
မြက်ခင်းတွေ မစိမ်းလန်းတော့
လူတွေဟာ အရပ်ပုလာ
အကြောရောဂါနဲ့ ခေါင်းတွေဟာ တဆတ်ဆတ်ညိမ့်တတ်လာ
လွမ်းတဲ့အခါ သတိရစရာ မိုနာလီဇာမရှိ
ကိုယ့်ကိုကိုယ် နားရွက်ဖြတ်မယ့် ဗင်းဆင့်လည်း မရှိ
မီးကိုခိုးယူပေးသူ ပရိုမီးသီးယပ်မရှိ
ပရိုမီးသီးယပ်ကို ကယ်တင်သူ ဟာကျူလီမရှိ
ပုခုံးနဲ့ထမ်းပေးမယ့် အက်တလတ်မရှိ
လက်တစ်ချက်လှုပ်တိုင်း လူတွေကို ရင်သပ်ရှုမောစေတဲ့ တိုက်ဂါးဝုဒ်လည်းမရှိ
ရင်ကိုကော့ပေးရဲသူ ဦးဘိုးလှိုင်မရှိ
ကျွဲရဲ့ကျောပေါ်က မှက်ရဲကြီး ဆိုကရေးတီးလည်း မရှိ
မယ်စကြာဝဠာမရှိ
အိုင်းစတိုင်းမရှိ
ချိုက်ကောစကီးလည်းမရှိ
အမှောင်ကြောက်တဲ့ အက်ဒီဆင်မရှိ
တောပုန်းကြီး ရော်ဘင်ဟုမရှိ
ဒီလူတွေ မရှိတာ ကြာခဲ့ပြီပဲ
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ။


N. လက်ဆင်း
03 March, 2009


မေမေ့ ကို ဘယ်တော့မှ မမေ့ဘူး..။

$
0
0
 

ဒီစာအုပ်လေးကို Synergy က ကိုသုတက ကျွန်တော့်အတွက် လက်ဆောင် ဆိုပြီးတစ်အုပ်ပေးလိုက်တယ်။ မျက်နှာဖုံးလေးက ဆွဲဆောင်မှု အားကောင်းတယ် အဘွားအိုတစ်ယောက်က လူလတ်ပိုင်းတစ်ယောက်နဲ့ ကမ်းခြေမှ လမ်းလျှောက်နေတာလည်း ဓါတ်ပုံလေးက အားကောင်းတယ်လို့ စဉ်းစားမိနေတုန်း… မနိုင်းနိုင်းစနေရဲ့ အမေ့အတွက်စာ ဆိုတော့ ထုံးစံအတိုင်းပဲ ရိုးရိုးရှင်းရှင်းရေးဟန်နဲ့ သူ အင်တာနက်ပေါ်က ကောင်းနိုးရာရာလေးတွေ စုရေးထားမှာလို့ ထင်မိတယ် … သူပထမဆုံး စာအုပ် အမေ့လက်ရေးကို ကျွန်တော်စီစဉ်တာဆိုတော့ သူ့ရေးဟန်ကို အလွတ်နီးပါးရနေပြီ...။ သူ့စာတစ်ပုဒ်တိုင်းကို ကျွန်တော် အကြိမ်၂၀မက ဖတ်ဖူးတော့ စိတ်ထဲ သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်မိဘူး…။ နောက်ပိုင်း မနိုင်းနိုင်းစနေ စာအရေးအသားတွေ ပိုကောင်းလာတယ် ဆိုတာတော့ သတိထားမိတယ်..။ ဆိပ်ကမ်းသာလမ်းနဲ့ ၃၈ လမ်းထောင့်က မွန်းဘာကရီမှာ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားလို့ ထိုင်စောင့်နေရင်း စာအုပ်ကို လှန်ကြည့်မိတယ် အတွင်းဖုံးထဲက အမှာစာကနေ စဆွဲဆောင်တော့တာပဲ… ကိုရီးယား စာရေးဆရာ တစ်ယောက်ရဲ့စာတဲ့ အုပ်ရေ သန်းနဲ့ချီရောင်းရတဲ့ အပြင် နိုင်ငံခြားဘာသာစကားတွေကိုလည်း ပြန်ဆိုနေတဲ့စာဆိုတော့ နည်းနည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်…။ ခေါင်းထဲမှာ စဉ်းစားမိသမျှ ကိုရီးယားတစ်ယောက်ယောက် ရေးတဲ့စာကို ကိုယ်တစ်ခါမှ မဖတ်မိခဲ့ဖူးဆိုတာပဲ.။ တရုတ်စာပေ အရှေတိုင်းစာပေတွေ အနောက်တိုင်းစာပေ အမေရိကန်စာပေ ဘာသာပြန် စာပေ တော်တော်များများ ဖတ်ဖူးပေမယ့် ကိုရီးယားစာအုပ်တစ်အုပ် ဘာသာပြန်တာကို ဒါပထမဆုံးဖတ်မိတာပါ..။ စာအုပ်ထဲက အကြောင်းအရာတွေ ပြန်ရေးပြချင်ပေမယ့်…။ သူ့စကားလုံးတွေ စာသားတွေ ခံစားဖန်တီးနိုင်မှုအားတွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ကျွန်တော့်ဝါကျတွေက စွမ်းနိုင်မှာ မဟုတ်ပါဘူး..။ စာအုပ်ကို စလှန်လိုက်ကတည်းက စာမျက်နှာငါးဆယ်အထိ တစ်ဆက်တည်းခေါ်သွားပါတယ်…။ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစက်ငြိမ်သက်သွားတယ် စီးကရက်ကပြာတောင့်ရှည်ကြီးတွေနဲ့ ဆေးလိပ်ခွက်ထဲမှာသေဆုံးသွားတယ် စာအုပ်ကြားထဲ ကျွန်တော် လိပ်စာကဒ်လေးညှပ်ပြီး မျက်တောင်ကိုပင့်ယူ လိုက်ချိန်မှာ ဒီစာအုပ်ပြီးသွားမှာကိုတောင် နှမြောတဲ့စိတ် အလိုလို ၀င်လာပါတယ်…။  လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ပြောရရင် စာအုပ်က အတော်ကောင်းပါတယ်..။ သားသမီးဖြစ်ဖူး သူတိုင်း မိဘဖြစ်မယ့်သူတိုင်း ၀ယ်ယူထားသင့်တဲ့ လက်ဆင့်ကမ်းပေးဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဒီစာအုပ်အတွက် မူရင်းရေးသားသူ Kyung – Sook Shin နဲ့ မကြီး နိုင်းနိုင်းစနေ၊ Synergy မှ ကိုသုတ တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း…။

( စာကြွင်း… ကျွန်တော်နဲ့ အမေနဲ့တော့ သိပ်မတည့်ပါ... အမေ့အတွက် ကျွန်တော်ဟာ လူဆိုးကြီး ဖြစ်နေပါတယ်..။ ဒါပေမယ့် အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ စာသားတစ်ခုလိုပါပဲ… လူဆိုးတွေလည်း တိုးတိုးလေး လိမ်မာခဲ့မှာပဲ အမေ။)

ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည


ကဗျာဆရာအကြောင်း သုတေသန

$
0
0
ကဗျာဆရာ ဆိုတာ နိုင်ငံရေးသမား မဟုတ်၊ နိုင်ငံ့အရေးကို စိတ်ဝင်စားတယ်။ ကဗျာဆရာဟာ ဒဿနဆရာမဟုတ် တွေးခေါ်တယ်။ ကဗျာဆရာဟာ တရားဟောဆရာမဟုတ် စာမျက်နှာပေါ်ကနေ အမြဲပြောကြားနေတယ်။ ကဗျာဆရာဟာ လူရွှင်တော်မဟုတ် သင့်ကို ပြုံးရွှင်ရယ်မောစေဖို့ ကြိုးစားတယ်။ ကဗျာဆရာ ဟာ နတ်ဟောဆရာ မဟုတ် အနာဂတ်ကို ကြိုတင်ပြောတယ်။ ကဗျာဆရာဟာ ဥပဒေပညာရှင် မဟုတ် တရားမျှတမှုကို ဆောင်ကြဉ်းတယ်။ ကဗျာဆရာဟာ သူတော်စင်မဟုတ် သူ့ရင်ထဲရှိတာကို အရိုးဖြောင့်ဆုံးထုတ်ဖော်တယ်။

ဈေးတန်းထဲက ဗယာကြော်ကလေး ဘာကြောင့်သေးသွားလဲလို့ ကဗျာဆရာက သတိထားကြည့်နေတယ်။ မိုးချုပ်တဲ့ အထိ ညစာမကျက်သေးတဲ့ မိသားတစ်စုအကြောင်းကို ကဗျာဆရာက ပြောပြဖို့ ကြိုးစားပါတယ်။ ငွေရေတွက်စက်တွေ တ၀ီဝီလည်နေချိန်မှာ ငွေစက္ကူအနွမ်းကလေး တစ်ရွက်ကို ကော်နဲ့ကပ်ဖို့ ကြိုးစားနေတာ ကဗျာဆရာပေါ့။ နေမင်းကြီး အရှေ့ဘက်အရပ်ဒေသဆီက ထွက်ပေါ်လာခဲ့ပြီဆိုရင် ကျေနပ်နေမိသူမှာ ကဗျာဆရာဖြစ်ပါတယ်။ ကဗျာဆရာလား သူ့အခန်းကလေးထဲက မထွက်တာ ရက်အတန်ကြာပါပြီ။


နေမျိုး
(အမှတ် - ၄၆၊ ၂၀၁၂  အောက်တိုဘာ၊ ရနံ့သစ်)

ဘ၀-၁

$
0
0

လွယ်လွယ်လေးပဲလား
ခက်ခက်ကြီးပဲလား…
လောကဓံဟာ ဘ၀မှာ အမြည်းမရတဲ့
တခွန်းဈေး။

မိုးလှိုင်ည

မိုက်ရူးရဲ

$
0
0


အဆင်မပြေခဲ့တဲ့ တိမ်စား ရွှေသောက် မိုက်ရူးရဲ
ဝေးသွားတော့မှာ သိလို့ ကြိုပြေးထားတယ် အမှောင်တွေထဲ
သူတို့ငိုမယ်ဆိုရင်တောင် ငါကမသိနိုင်ခဲ့တော့
အတွေးအငွေ့ အတွေ့တွေထဲမှာမွပ်သိပ်ပိတ်နေမိခဲ့ပေါ့
သိတယ် သိတယ် အေးသွေးစက်အေးစက်လမ်းများ
ကျောရိုးထဲကိုထိုးစိုက် ရက်စက်ခဲ့တဲ့ဓါးသွား
တားမြစ်ခြင်းထားရစ်ခြင်း တွေဝေရီဝေစည်းချက်
ထက်မြက်ခဲ့တဲ့ အမျက်ထွက် ပညာရှိရဲ့ လှည့်ကွက်
အဆိပ်တုံးစားမိခဲ့တဲ့ လမ်းဘေးမြောင်းအောက် ခွေးများ
အရင်တုန်းကဦးလှထွတ်ရဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်

၁- ၂- ၃
၎ ဆိုတဲ့ နံပါတ်တစ်ခုဦးခေါင်းခွံထဲမှာလိပ်ပြာတစ်ကောင်လို
တောင်ပံတွေတဖျတ်ဖျတ်ခပ် တံလျှပ်လိုဒဏ်ရာတွေပြို
ကျဆုံးခြင်းတွေမျိုချ အလိုမကျတဲ့ ပန်းခင်းထဲမှာ
စနစ်တကျဖြစ်တည်နေတာကွက်လပ်အပွင့်တွေသန်းပေါင်းများစွာ
ရွှေမင်းသားလေးချီးပန်းတဲ့အထာအိညောင်အိညောင် မနေတတ်တော့
နားလည်မှုတွေ လွဲခွင့်ရှိကြောင်းနားမလည်ဘူးလို့ ငြင်းလိုက်ဦးပေါ့
လာမရှုပ်နဲ့ လုပ်မိလိမ့်မယ် ၃- ၀ - ၂
ကောင်းကင်ထက်က ငါ့အတွက် ကြွေဆင်းလာမယ့်ကြယ်တွေ ဘေးဖယ်
ရန်ကုန် ရန်ကုန် ဟေးးး ပြန်ဆုံချင်ပါသေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်….


ငါ့ကို ငါ လိမ်ပြောနောက်ရက်ကျရင် ကောင်းသွားလိမ့်မယ်
ငါ့ကို ငါ သစ္စာဖောက် နောက်ဆုံးတစ်ခေါက်ရောက်ရင် သတ္တိရှိမယ်

သန္ဒေသားလေးဘ၀ အမိုးဗိုက်ထဲမှာနေခဲ့တုန်းက
ကြည်နူးမိတယ် ကမ္ဘာကြီးရယ် နွေးထွေးခြင်းတွေ စောင့်ကြိုနေမယ်
ကောင်းလိုက်တဲ့ ငါ့ရဲ့ကံမိုးပေါ်အပ် မြေကြီးအပ်
ထိပ်ချင်းထပ်ခဲ့တာထက် ပိုခက်ခဲ့ရတယ် ဆိုပဲ
ရင်ခုန်လို့မှ မဆုံးသေးခင် လည်ပင်းထက်ကိုရစ်ပတ်
အင်ဘီလစ်ကယ် ကောဒ့်ရဲ့ နှုတ်ဆက်အသက်ရူခပ်ကြပ်ကြပ်
ပထမဆုံးဝင်သက် မတိုင်မီထဲကရုန်းခဲ့ရပြီး
ထွန်းညှိကျွမ်းညှော်ပေါက်ထွက်ခဲ့တ့ စိတ်ဓါတ်လျှပ်စစ်မီးသီး
မျှော်လင့်ချက်တွေကန်ပြီရှေ့မဆက်ချင်ခြင်းရဲ့နောက်ကွယ်
အ၀င်ကို မရွေးခဲ့ပေမယ့် အထွက်ကိုတော့ ရွေးချင်သေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ…..
----------

ကောက်ရိုးမီး


အသံဖိုင်-မိုက်ရူးရဲ


(၃၁) ဘုံအတွင်းမှ . . . (၁၃) သို့

$
0
0
တစ်ယောက်ရဲ့
အရေပြား ကို တစ်ယောက်က
ချည်နှောင်ကြရင်း
( အရေပြား တစ်ခြား ၊ လူ တစ်ခြား )
အရေပြားတွေ ကျွတ်ကျကုန်တတ်တာလဲ
သိခဲ့တယ် .. .. .. ၊၊
နှုတ်ခမ်းတွေက အန်နေကြတာ
တရားနဲ့ ဖြေမှ ရမယ့်
မေးခွန်းတွေမှန်းလဲ သိတယ် .. .. .. ၊၊ ၊၊

လွမ်း လို့
သေ သွား ခဲ့ ရင် တောင်
ပျော် မှာ ပဲ တဲ့
အဲ့ဒီ .. .. .. ..
ရေခဲတုံးလေး
ကန္တာရ ဆီ ခရီးထွက်သွားခဲ့တယ် ၊၊ ၊၊




ဇာတိ (Doi)

အဆိပ်ဖြေဆေး

$
0
0
ဖြိုချခြင်း၊ ပြိုကျခြင်း
ဗိုလ်ကျခြင်း၊ ငိုရခြင်း…
ရင်းနေတဲ့အနာတွေ ရှိပေမဲ့
သီချင်းတွေနဲ့ကဗျာတွေ လည်းရှိလို့
လင်းနေတဲ့ကမ္ဘာမြေကို ချစ်တယ်။

ဘ၀ ၂

$
0
0

သေချာတာက သေမှာပဲဆိုတာ
ကိုယ့်ကိုယ်ကို မထင်သမျှ…
လုပ်သမျှကို အဟုတ်မှတ်လို့…


မိုးလှိုင်ည

ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့

$
0
0


ဘုရားသခင်ဆိုရင်လည်း
သူလိုကိုယ်လို ဘုရားသခင်ပဲနေမှာ ဒါပေမဲ့
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
အချစ်အလွမ်းနဲ့ ဒူးတင်ပေါင်တင်
မလိမ်မိုး မလိမ်မာ အနေအထိုင်ကပဲ
ကြည့်လို့ပိုအဆင်ပြေသလိုလို
ဒါရန်ကုန်ပဲ
မပြောလည်းသိကြမယ်
မသိလည်းပြောကြပေါ့
ရန်ကုန်ဟာ အုပ်စုနဲ့ စပွန်ဆာနဲ့
လျှပ်စစ်မီးဟာ ABCD
ကိုယ့်သွေးအုပ်စုနဲ့ ကိုယ့်အတင်းမောင်းလို့
အောင်မြင်ကျော်ကြားသူများကလပ်မှာ
ခင်ဗျားလည်း member ဖြစ်နိုင်တယ်
ခင်ဗျားရဲ့ ထင်ရှားတဲ့ ထင်ရှားတဲ့ အမှတ်အသားဟာ ဒါပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
ရုပ်ရှင်ရုံတွေမှာဟာသကားတွေ အ၀င်အထွက်များပြီး
ကဗျာဆရာတွေ အရက်စုသောက်နေတတ်တာ ရန်ကုန်ပဲ
ပါဝါအရွှေ့အပြောင်းနဲ့
မျိုးဆက်ကွာဟမှု
အနုပညာနိဂုံးအယူအဆနဲ့ရန်ကုန်ပဲ
အောက်ခြေမှတ်စုနဲ့
သုတေသနအသုံးစရိတ်နဲ့
မီဒီယာလွတ်လပ်ခွင့်နဲ့
ကိုရီးယားအသားကင်နဲ့ ရန်ကုန်ပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
လက်လှုပ်သလောက် ပါးစပ်လှုပ်နိုင်တာလည်း ရန်ကုန်ပဲ
သီချင်းကလေး တစ်အေးအေး
လေကလေး တစ်ချွန်ချွန်ဒီလို
ဘ၀လွန်မသားတွေ ရှိနေတာလည်း ရန်ကုန်ပဲ
ဘ၀ကို လုံးထွေးပြီး
ခုံးကျော်တံတားတစ်ခုခုအောက်မှာ ချထားလိုက်
အဆင်ပြေလှတဲ့လူကော် “မ” သွားလိမ့်မယ်
ဒီတစ်လနဲ့ မရရင် နောက်တစ်လ
ပဒုတစ် အခန်းဆက်ရှည်နေတာလည်း ရန်ကုန်ပဲ
မလိုအပ်ရင် အသံကျယ်ကြီးတွေ မထွက်ပြနဲ့
ဟွန်းမတီးနဲ့ ပိတ်မရပ်နဲ့
ကျော်မတက်နဲ့ ဒါရန်ကုန်ပဲ
ရန်ကုန်ဟာ တစ်ယောက်စတာနဲ့ အကုန်ပါတာပဲ
အခုပဲ စူလာနဖာ
အခုပဲ ပိစပ်ရွက်
ဒါကြောင့်ပြောတာ ရန်ကုန်ကို အဆက်အသွယ်မဖြတ်ပါနဲ့လို့။ ။


Aမွန်

မမလီဆာလိုင်ဇာ ရောက်ဘူးလား

$
0
0


 

 

မမလီဆာလိုင်ဇာ ရောက်ဘူးလား

 

မမလီဆာဟာ `ဒိုင်းနမိုက်´ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေတဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
`ဒိုင်းနမိုက်´ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ `ဒိုင်းနမိုက်´
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
`ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
`ဒိုင်းနမိုက်´၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊`ပြည့်ဝ´မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
`မောင်´သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
`သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဘက်နိုင်ငံထဲခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး ၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု ၊ လက်တုကအစ အတုတွေတပ်စင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စုအထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဘိုးနဲ တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့ ၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်းကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ် ၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။



ဇေယျာလင်း
1 – Jan – 13

http://zlkontempo.com/?p=731
 

“အမြင့်ကြောက်သူ”

$
0
0
အမြင့်ကိုမရောက်မချင်း
ကျွန်တော့်ကိုကျွန်တော်
အမြင့်ကြောက်တတ်မှန်း မသိဘူး…
အမြင့်ကိုတက်ရတာ အန္တရာယ်များမှန်း မသိခဲ့ဘူး..
ငယ်ငယ်က ကိုယ့်ကိုကိုယ် အမြင့်ကြိုက်သူလို့
ထင်ခဲ့မိတယ်…
တစ်လွဲပဲ
ကျွန်တော်ဟာ အမြင့်ကိုရောက်လာလေ
အမြင့်ကိုပိုကြောက်လာလေလေပဲ
များများမြင့်ရင် မြန်မြန်ပြုတ်ကျပြီး
များများနာတတ်တယ်ဆိုတာ
မြင့်မြင့်လာမှပိုနားလည်လာမိတယ်
မြင့်လွန်းရင်လေတိုက်နှုန်းကအစ
အန္တရာယ်ပဲ
အမြင့်ကပြန်ဆင်းရရင်လည်း
ကြောက်ဒူးတွေတုန်လို့
အမြင့်ဟာမလုံခြုံဘူး
အမြင့်ဟာအန္တရာယ်များတယ်
သိပ်မြင့်လွန်းရင်လေးဖက်တွားတက်ရတာ
အမြင့်ကြီးမှာအကျမနာချင်လို့
ကုပ်ကပ်တွယ်ထားရထာတာကော
အမြင့်မှာ ဒဏ်ရာဒဏ်ချက်တွေ
ပွန်းပဲ့ထိရှလွယ်လို့
ဘဝနဲ့ဘ၀င် ကျွန်တော်ဘာမှမမြင့်ချင်တော့ဘူး
အမြင့်ကြီးကို အများကြီးကြောက်မိလာလို့….။



မိုးလှိုင်ည

တစ်နှစ်ပတ်လုံး ဂျလုံးပလုံး

$
0
0

ခရစ္စမတ်ညမှာ မြေစာပင်

နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့

အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်

ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ

မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး

ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ ထိုးဇာတ်များ
အနီရောင်စာတန်းများ

အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်

ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ

ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ် တောင်တန်းတွေ

ဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို

“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို

အမြဲလို
ခြောက်လှန့်နေတယ်

ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ

ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက

အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ

ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်

ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်

သွေးတိုင်းဟာ မြေကြီးထဲပဲ စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား

ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ

ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း ဝိုင်းပတ်ကခုန်လို့

ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ

မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ စိုက်ပါစေတော့


သိုးထိန်း (အန္တိမ)


 

ရန်ကုန်ပြန်တုန်း ရန်ကုန်ကပြောပြလို့ ကျနော်သိခဲ့ရတဲ့ ရန်ကုန်အကြောင်း

$
0
0

( ၁ )
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ ...
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။

( ၂ )
အဲ့ဒီမြို့ကြီးပေါ့ ... “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။

ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။

အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။

အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး ... ၊  ..... ၊ ....
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။

၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။

လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။

သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။

ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။

ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။

တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ....
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။

နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ  လီး ၊ လချီး အတိုင်းခံရတဲ့မြို့

ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ ...”လို့  ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။

“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။

မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။

ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။

ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ....
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။

ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။

လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။

တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့  ငိုက် တတ်သေးတဲ့မြို့။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။

“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။

( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။

အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ....
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။

ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။


မားဆိုး ( ၂၅၊ ၀၁၊ ၂၀၁၀ )
Top of Form

ရန်ကုန်ကို ရောက်ခဲ့တယ်

$
0
0

ရောက်ပြန်ပြီလေ ညနေ

အရိပ်တွေရှည်ထွက်တတ်လွန်းလို့

အလွမ်းတွေကို ခေါက်သိမ်းထားရတဲ့

ညနေ။ ။

ကိုယ်ဖေါ့ထားတယ် ၊ အကြောလျှော့တယ်

ရွှေငါးတွေကို အစာကျွေးသလို

သစ်ခွပင်တွေကိုရေလောင်းသလို

ပျော်ရွှင်မှု့ ကိုကျပ်ဖုထိုးပေးရတယ်။

သံသယဖြစ်ချင်းနဲ့

အပစ်အခတ်ရပ်စဲထားတာကြာတော့

ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ပြန်ကြည့်ပေးရတယ်။

ရွှေမှုန်တွေလို

အချိန်တွေက အဖိုးတန်တော့

ငွေစက္ကူတွေနဲ့ လဲလှယ်ရတယ်။

ခလုတ်တိုက်မှာကြောက်လို့

ဘယ်မှ မရောက်ခဲ့တဲ့ ရှု့မျှော်ခင်းတွေ

ခဏခဏ ဖုန်သုတ်ပေးရတယ်။

တမိုးအောက်အတူတူ

ကြမ်းတပြေးထဲ သူစိမ်းများကြား

လောဘနဲ့လောက ကို

ဆွေမျိုးစပ်ပေးရတယ်။

အံ့သြတယ်...........

အလွယ်တကူလောင်းရိပ်မိလို့

အလွယ်တကူ တွန့်လိပ်ကောက်ကွေးလို့

အလွယ်တကူ အခက်အလက်တွေ ဝေဆာလို့

အညှောက်ပေါက်တာချင်းတူတူ

ကြီးထွားနှုန်းမတူတဲ့ တောအုပ်တွေ

မြို့ပြတွေမှာ စိမ်းလန်းလို့....။ ။

စိုးရ
( အကြောင်းကြောင်းကြောင့်
ရန်ကုန်နှင့်ဝေးခဲ့ရစဉ် ရက်များတွင် ရေးသားသည်။)

ငါလည်ပင်းညှစ်ချင်နေတယ် ပေါ်လီယာနာ

$
0
0



ကိုငှက်သေသွားတယ်ကိုကြွက်မသေသေးဘူး
ဒါဝမ်းသာစရာတဲ့
ငါဝမ်းသာပါတယ်ပေါ်လီယာနာ
ကိုငြိမ်းကလှေစီးပြီးခရီးတွေသွား
ကိုသိန်းကသမ္မတကြီးဖြစ်
ဒါလည်းဝမ်းသာစရာပဲတဲ့
အေးပါဟာ..
အသေဝနာစဗာလာနံ
လူမိုက်တွေကိုနင်းကန်ငြင်းဆန်နေလို့လည်းမရ
နိစ္စဓူဝကိစ္စတွေကလည်းရှိနေသေးတာကြောင့်
ငါပျော်နေတယ်ပေါ်လီယာနာ
ငါပျော်ဖို့ကြိုးစားနေတယ်ပေါ်လီယာနာ
ငါပျော်နိုင်ဖို့ကြိုးစားနေတယ်ပေါ်လီယာနာ
ငါပျော်နိုင်ဖို့ကြိုးစားနေရတယ်ပေါ်လီယာနာ
ကမ်းခြေမြို့သူကြီးလည်းဘင်္ဂလားအော်ထဲရွှေ့ချင်နေတဲ့ကျွန်းကြီးပေါ်မှာပေါ်လီယာနာ
ကဗျာဆရာကြီးနှင်းဆီတစ်ရာလည်းအဲဒီမှာမိသားစုနဲ့ပေါ်လီယာနာ
ငါ့သူငယ်ချင်းတွေနိုင်ငံခြားထွက်သွားတာပေါ်လီယာနာ
ဘျင်မကြီးဆဲမနိုင်တော့လို့သူငယ်ပြန်သွားတာလည်းပေါ်လီယာနာ
တရုတ်ပြည်ကြီးကိုကြောက်နေရတယ်တဲ့ပေါ်လီယာနာ
ဖယောင်းတိုင်လေးထွန်းပြီးထမင်းတစ်နပ်လျှော့စားပါပေါ်လီယာနာ
ကားတွေဒီလောက်ကြပ်တာဟိုလောက်မကြပ်သေးဘူးပေါ်လီယာနာ
တန်ဖိုးနည်းအိမ်ရာသိန်းနှစ်ရာပေါ်လီယာနာ
ဆက်ရေးချင်သေးတယ်ပေါ်လီယာနာ
ဆက်ရေးချင်ပေမယ့်ဆက်မရေးနိုင်တော့ဘူးပေါ်လီယာနာ
ငါလည်ပင်းညှစ်ချင်လာတယ်ပေါ်လီယာနာ
လည်ပင်းညှစ်တာဟိုဟာညှစ်တာမှမဟုတ်တာ
ဒီခေတ်ဒီကာလကြီးထဲ
မင်းတစ်ယောက်တည်းပဲဆက်ပျော်နေဦးပေါ့ပေါ်လီယာနာ။

လင်းဆက်
07 Feb 2013
3:17 pm

ဒီကဗျာက ရီရတယ်

$
0
0

ဒီကဗျာက ရီရတယ်
ဒါလီရဲ့ပျော့တွဲနေတဲ့ နာရီတွေမဟုတ်ဘူး
ချာလီရဲ့ ရုပ်ရှင်တွေလည်းမဟုတ်ဘူး
ဟာနေတဲ့နေရာ “သ” မယ့် ဟာသမျိုးလည်းမဟုတ်ဘူး
သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး။


ဒီကဗျာက ရီရတယ်
သမတနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ယင်း
လွတ်လွတ်လပ်လပ် စကားစမြည်ပြောနေတာ
အတိုက်အခံခေါင်းဆောင်တစ်ယောက်နဲ့
ဆေးပြင်းလိပ်ခဲယင်း စစ်တုရင်ကစားနေတာ။


ဒီကဗျာက ရီရတယ်

စစ်ပွဲတွေမရှိဘူး ၊ ပါတီတွင်းပဋိပကတွေမရှိဘူး 

အစာငတ်ခံ ဆနပြမှုတွေမရှိဘူး၊ ဆင်းရဲချမ်းသာကွာဟမှု မရှိဘူး

လိင်ခွဲခြားမှုမရှိဘူး၊ တန်ပြန်ထောက်လှမ်းရေးတွေမရှိဘူး
တဖက်သတ်ပြဠန်းထားတဲ့ ဥပဒေတွေမရှိဘူး။


ဒီကဗျာက ရီရတယ်
မိုနာကို ဘီလျံနာတစ်ဦးက စပွန်ဆာပေးတာ
လာ့စ်ဗေးဂတ်စ် လောင်းကစားသမားတွေက စပွန်ဆာပေးတာ
ဘာလီကျွန်းဟိုတယ်ပိုင်ရှင်တွေက စပွန်ဆာပေးတာ
ဆတ်သွားနဲ့ ထမ်းပိုးထမ်းရွာက မြေလတ်သားတွေက စပွန်ဆာပေးတာ
မြစ်ဝကျွန်ပေါ်က လူမသိသူမသိ ဗိသုကာတွေက စပွန်ဆာပေးတာ။


ဒီကဗျာက ရီရတယ်
တွေးစရာမလိုဘူး၊ခံစားစရာမလိုဘူး
ထိုင်းမှိုင်းစရာမလို၊ မွန်းကျပ်စရာမလို
ကြည်ကြည်နူးနူးနဲ့ ရယ်ပစ်လိုက်ဖို့
ရှင်းရှင်းလင်းလင်းနဲ့ ရယ်ပစ်လိုက်ဖို့…။



ကိုမြတ်ခိုင်ဦး ( ၂၀၁၃ ဖေဖော်ဝါရီ)

ဗဂျီအောင်စိုး နှစ်၉၀ စိတ္တဇပန်းချီညများ

$
0
0








လူကိုပဲကြည့်ကြည့် ဘယ်အရာဝတ္တုကိုပဲ  ပထ၀ီ၊တေဇော၊အာပေါ၊ ၀ါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး ရယ် ကာလ- ဟင်းလင်းပြင်ကြီးကိုသာ တွေ့တွေ့နေရတယ်  ဒါပါပဲ ဆရာ့ရေ ပုထုဇဉ်နော် ဥမ္မတကောတဲ့ လူတွေက အရူးတွေ ဆရာ အခုကျွန်တော်ပြောတာ တွေကိုဘယ်သူမှ မယုံကြဘူးဆရာ ဓါတ်ပုံဆရာတွေနဲ့ ပြိုင်ပြီး သူတို့ လက်ရာတွေကို ဓါတ်ပုံရှုံးအောင် ဆွဲနေကြတယ်လေ…..
ဟား…. ဟား… ဟား… ဟား
၂၀ ရာစုကနေ ၂၁ ရာစုကျရင်  ဒီပန်းချီဆရာတွေ ဘာဆွဲကြမလဲ… ဟားဟား
ရုပ်နဲ့ နမ်ဘဲရှိတယ်
အဲဒီတော့ ညစ်ငြမ်းတယ်
မညစ်ပါတ်ဘူးဆိုတာဟာ ဘယ်ပြဿနာပေါ်တော့မလဲ
ဒါ sun နေ
ဒါ ၀လုံးလို့ပြော
ဒါဘောလုံးလို့ပြော
ဒါလလို့ပြော  ဘယ်ဟာမှန်သလဲ?
ယောကျာင်္း မိန်းမဆိုတာ မရှိဘူး …။

ဆရာဗဂျီအောင်စိုး ရဲ့ နှစ်၉၀ ပြည့်မွေးနေ့အထိမ်း အမှတ် စိတ္တဇပန်းချီညများ စာအုပ်ကို ဆုံစည်းခွင့်စာအုပ်တိုက်က အမှတ်တရ စုစည်းထုတ်ဝေခဲ့ပါတယ် ဆရာ့ရဲ့ ပန်းချီပညာပေး သိပံ္ပရုပ်ပြနဲ့ ဆရာ ဖွင့်ဆိုရေးသားခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ် ဆရာ့ကားတွန်းလက်ရာများ သရုပ်ဖော်လက်ရာများ ပါဝင်ပြီး ဆရာဗဂျီအောင်စိုးရဲ့ နှစ် ၉၀ပြည့် မွေးနေ့ အခမ်းအနားကျင်းပမယ့် ၂၂ရက်နေ့ သောကြာ ၂၀၁၃ ရက်မှာ ရန်ကုန်မြို့ ပန်းဆိုးတန်းအထက်လမ်းရှိ ပန်းဆိုးတန်းဂယ်လယ်ရီမှာ စတင်ရောင်းချပါမယ်။ ဆရာ ဗဂျီအောင်စိုး အနုပညာလက်ရာများ ချစ်မြတ်နိုးသူများ ၀ယ်ယူသိမ်းဆည်းနိုင်အောင် သတင်းကောင်းပါးအပ်ပါသည်..။

Viewing all 73 articles
Browse latest View live