Quantcast
Channel: နှစ်ချို့ကော်ဖီ
Viewing all 73 articles
Browse latest View live

“ပင်လယ်ဓါးပြတွေရဲ့အလွမ်း”

$
0
0


ဘုရားစင်ပေါ်က သောက်တော်ရေခွက်လို
အသစ်လာတိုင်းအသွန်ခံနေရ....ဘ၀။

နွားခြေရာခွက်လို....ပင်လယ်အတုမှာမှ
ပညာသားပါပါကြီးလှိုင်းမူးနေခဲ့
ပင်လယ်ဓါးပြကို..အားကျစိတ်နဲ့ပေါ့။

ဒီလို...မြတ်နိုးမှုကို..စွဲလမ်းမှုကို..
ကဗျာအပေါ်ထားတဲ့ယုံကြည်သက်ဝင်မှုတွေကို...
ကြမ်းတစ်ပြေးထိုင်ဆွေးနွေးကြမတဲ့...
“တကယ်တော့ ကဗျာဆရာဆိုတာ..ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ” ဆိုတဲ့
အဲဒီဓါးပြအိုကြီးက..
ငါ့ကို ...အိပ်မက်ပေးလား...ပေးရဲ့။

ဒီအဆုတ်နံရံတွေကျပ်ခိုးစွဲအောင် အစီခံတွေစုဆောင်းခဲ့
နှစ်ပဋိစ္ဆေဒတွေ...
ဆီသယ်မလက်သုတ်လို မာယာနဲ့သာဌေယျတွေ..
ငါ..ပြုတ်..ပြုတ်လျှော်ပစ်ခဲ့
နှစ်ပဋိစ္ဆေဒတွေ...
ဒီရင်ဘတ်မှာ..သွေးတွေလို..ဆပ်ပြာပူပေါင်းအမြှုပ်တွေ..ပလုံစီထ
မြင့်မိုရ်တောင်ထိတောင်ရောက်လို့။

တခါတခါ...အဘိဓမ္မာဆန်ချင်လွန်းသူတွေက....
“လူ့ဘ၀ဆိုတာ...မီးပုံးပျံလိုပဲ...
လွှင့်တင်လိုက်ပီဆိုကတည်းက...ပေါက်ကွဲလောင်ကျွမ်းပီးစီးရင်
ပျက်သုဉ်းပြာကျဖို့ပါပဲ...”တဲ့။
ဒီလို..ရောင့်ရဲခြင်းကိုလား...ပျင်းရိခြင်းကိုလား
လူ့မာနကိုလား..စိန်ခေါ်လိုက်ပုံ...။
ဒါကို..အော့ပတီမစ်စတစ်သမားတွေချည်း....စုဆွေးနွေးနေကြတာ...တဲ့
(ကြီးကျယ်လိုက်ကြပုံများကွာ)

အဲဒီနွားခြေရာခွက်တွေထဲက..ဖားတွေဆီပါပဲ...
“ဟောဒီက...အလိမ္မာ..၀ယ်ကြဦးမလားတော့” တဲ့
ဒီလို.အောင်မြင်မှုကိုသိုသိပ်တတ်ဖို့...
ကြီးကျယ်မှုတွေကို...လေပေါင်လျော့ဖို့...
နထင်ရောက်သွေးတွေကို...သွေးကျဆေးတိုက်ဖို့...
ပင်လယ်ဓါးပြနဲ့ငါ...နှစ်ဦးသဘောတူ...တစ်ကျွန်းစံခဲ့တယ်။

ခု ..ငါကောက်ဆောင်းထားတဲ့ခေါင်းပေါင်း...
ဘီလူးခေါင်းမှန်းလူသိနည်းတယ်..
မိုးကြိုးပစ်ရင်..ကာမဲ့ထန်းလက်
lightning arrestor တပ်ထားတယ်။
ဒီလို...အိုမင်းရင့်ရော်လာတဲ့ ခေါင်းအနှစ်သားတွေကို
ဒီလို..အနယ်ကျလာတဲ့ ရင်ခုန်သံတွေကို
ဒီလို...ပြည့်စုံလုံလောက်လာတဲ့ လှစ်ဟာချက်တွေကို
ဒီလို..စိမ်းစိုလန်းဆန်းချင်ယောင်ဆောင်ထားတဲ့ ထိကရုန်းတွေကို
ဒီလို...ပါရမီယောင်ဆောင်ထားတဲ့..၀ဋ်ကြွေးတွေကို
ခုတော့...ဒီရုပ်နဲ့..ဒီနာမ်
အပေးအယူမတည့်တာလေးတစ်ခုထဲနဲ့...
အဲသလို..ဘာမှန်းမသိတာတွေအားလုံးကို
ကျွန်တော်မျိုးကြီး...လွမ်းနေရပါပြီ။

ပုဝါလေးခြုံပီးလွမ်း..
နှာရည်လေးသုတ်ရင်းလွမ်း..
ဘီယာလေးသောက်ရင်းလွမ်း..
ဆေးလိပ်လေးဖွာရင်းလွမ်း..
ပျော်ပျော်ရွှင်ရွှင်လွမ်း..
တက်တက်ကြွကြွလွမ်း..
ကျေကျေနပ်နပ်လွမ်း..
နှစ်ထောင်းအားရလွမ်း..
တင်းပြည့်ကျပ်ပြည့်လွမ်း..
အားရပါးရလွမ်း..
ပက်ပက်စက်စက်လွမ်း...
စိတ်ရောကိုယ်ပါလွမ်း..
....လွမ်း
....လွမ်း
....လွမ်း
ဒီလို..Future shock တွေသိပ်များနေတဲ့
ဓါးပြအိုကြီး ရဲ့ပင်လယ်အတုထဲ
ငါတို့လှေတွေ..အရူးအမူး..လူးနေတာနဲ့စာရင်..
ဒီလို..စိတ်လိုလက်ရလေးလွမ်းနေရတာက
ပိုမကောင်းဘူးလား...အချစ်ရယ်။
ကဲ..ခု..
ကိုယ်ကတော့..ဒီအလွမ်းတွေကို...
ရေမရောပဲ...တစ်ကျိုက်ထဲ...မော့ချလိုက်ပြီကွာ။

သရ
(၂၂မေ၂၀၁၀)

(၁၉၄၉ ခုနှစ်က..ကမ္ဘာမြေကိုဖွဲ့ဆိုဖတ်ကြားဖို့..ကမ္ဘာ့ သားအိမ်ကြီးထဲနေထိုင်ကျက်စားသွားတဲ့
လူကြိုက်နည်းသည်ဟုဆိုသောပင်လယ်ဓါးပြကြီးတစ်ဦးအား..ချစ်ခင်လေးစားအမှတ်ရခြင်းများစွာဖြင့်...


အနာဂတ် (ရှိ / ဖြစ်) တယ်

$
0
0


ပေးသမျှယူဆိုလို့

တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)

နုပျိုခြင်းတူညီဝတ်စုံတွေဝတ်လို့

သူတို့ ပျော်ရွှင်နေကြ …



သူတို့မှာ အဖေရှိချင်မှရှိမယ်

သူတို့မှာ အမေရှိချင်မှရှိမယ်

သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်

သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်

သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်

သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်

သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်

သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်

နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ

မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေသလား



ဘယ်လိုပဲဖြစ်ဖြစ်
 
ယူလိုက်ကြ

ဒီမှာ ဂီတရှိတယ်

ကဗျာရှိတယ်

ဘာသာရှိတယ်

သာသနာရှိတယ်

ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်



ယူလိုက်ကြတော့

မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်

ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့

အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်

ဒါကြောင့်

မင်းတို့ဟာအနာဂတ်ဖြစ်တယ်။             


ကြက်သွန်

အတ္တအကျဉ်းသား..။

$
0
0


 ဘယ်သူမှလွတ်ငြိမ်းခွင့် ပေးသနားလို့မရဘူး
စာမျက်နှာတွေ တဖျတ်ဖျတ်လှန်သလို
ငါငါ ငင ငါ တွေအထပ်ထပ်
ကွမ်းတစ်ရာ ရေတစ်မှုတ်လောက်နဲ့ မလုံလောက်နိုင်သေး
အကြွေးဝယ်ကဒ်နဲ့ ဘဏ်စာရင်းနဲ့
ဖေ့ဘုတ်အကောင့်နဲ့ အီးမေးစ်အမျိုးမျိုးနဲ့
အုတ်ရောရောကျောက်ရောရော လူတောထဲ..
လူရာဝင်ချင်သလို နာမည်ကြီးချင်သလို ကဗျာရေးချင်သလို
ခရိုနီနဲ့ ရင်းနှီးချင်သလို နိုင်ငံရေးပတ်သတ်ချင်သလို
ဘာလိုလို ညာလိုလိုနဲ့
ဘယ်သူမှ လွတ်ငြိမ်းခွင့် ပေးသနားလို့မရဘူး
အင်္ဂါဂြိုလ်ကနေ အင်တီဇိုင်းဇီးရိုးအထိ
ရီလေတီဗီတီကနေ ဇိနထပကာသနီအထိ
မသိပဲမှားခဲ့ပေမယ့် မမှားပဲမသိနိုင်ဘူး
ကမ္ဘာကြီး ဘယ်လိုလည်လည် လူဆိုတာ လက်ဝဲလက်ယာ
သတ်မှတ်ပစ်လိုက်ဖို့လည်းလွယ်တယ်
မယုံတာတွေကို ကြိတ်မှိတ်ယုံပစ်လိုက်ရုံနဲ့ အတ္တဥခွံ့လေး
လုံခြုံသွားတာပဲ..
ရင့်ကျက်လာလေ မုသားတွေကပိုချိုမြလေမို့
ကိုယ့်ကိုယ်ကို လိမ်လို့ရတဲ့အထိ
သံသရာဟာ အာမခံရှိရှိစိတ်ချလက်ချလည်လို့


မိုးလှိုင်ည

ငါ့ကိုယ်ငါ ခလုတ်ပိတ်လိုက်တယ်။

$
0
0




ငါမလင်းချင်တော့ဘူး
ငါ မပျင်းချင်တော့ဘူး
ငါမငြင်းချင်တော့ဘူး
ငါမလောင်ကျွမ်းချင်တော့ဘူး
ငါမတောက်ပချင်တော့ဘူး
ငါမနာကျင်ချင်တော့ဘူး
ငါ ကျမကွဲချင်တော့ဘူး
ငါ ဖုန်မထချင်တော့ဘူး
ငါ  မယုံရချင်တော့ဘူး
ငါ မကြုံရချင်တော့ဘူး
ငါ မလုံမခြုံမခံစားချင်တော့ဘူး
ငါ ယုံယုံကြည်ကြည်လဲ မနစ်မမြုပ်ချင်တော့ဘူး
ငါ စွဲစွဲလန်းလန်းလဲ အရမ်းမမှားချင်တော့ဘူး
ငါ တမ်းတမ်းတတလည်း နောင်မတချင်ဘူး
ငါ မူမူးရူးရူးလည်း မလေးပင်ချင်တော့ဘူး
ငါ တက်တက်ကြွလည်း လမ်းမများချင်တော့ဘူး
ငါ့ ကိုယ်ငါ မဆုံချင်တော့လို့
ငါကိုယ်ငါ ခလုတ်ပိတ်ချလိုက်တယ်
မှောင်အတိထဲ
ဘယ်လမ်းသွားရမယ် ငါမသိဘူး။


မိုးလှိုင်ည

သံသယ

$
0
0




မနက်ခင်း
အိပ်ရာကထ လေထုထဲမှာ ရှုရှိုက်လိုက်ရတယ်။
သံသယ….။
ကမ္ဘာကြီးကို ချောင်းကြည့်ဖို့ လိုင်းပေါ်တက်ပြီး
ကီးဘုတ်ကိုခေါက်လိုက်တယ်
တွေ့လိုက်ရတာ
သံသရ…။
မနက်ခင်းသတင်းနားထောင်ဖို့ ရေဒီယိုကိုဖွင့်လိုက်တယ်
ကြားလိုက်ရတာ
သံသရ…။

ဒီလိုနဲ့
ဒီနေ့အတွက် ငါ့ဘရိတ်ဖတ်စ်ဟာ
သံသယ…
ငါရွေးချယ်လိုက်တဲ့ဝတ်စုံဟာ
သံသယ…
ငါစီးနင်းခဲ့တဲ့ ကားနံပါတ်ဟာ
သံသယ…
ငါနားထောင်ဖြစ်တဲ့ သီးချင်းဟာ
သံသယ…
ငါဖြတ်လျှောက်ခဲ့တဲ့လမ်းဟာ
သံသယ…။
ချစ်သူကိုပေးလိုက်တဲ့အနမ်းတစ်ပွင့်ဟာ
သံသယ…။
သူငယ်ချင်းကမ်းလိုက်တဲ့ လက်တစ်ဖက်ဟာ
သံသယ .....။
ငါရရှိခဲ့တဲ့ ကတိဟာ
သံသယ….။
ဒီလိုနဲ့
ငါနာမိတဲ့တရားဟာ
သံသယ…။

သံသယဟာ အသားအရောင်မခွဲခြားဘူး
သံသယဟာ လိင်မခွဲခြားဘူး
သံသယဟာ ရန်သူ/မိတ်ဆွေမခွဲခြားဘူး
သံသယဟာ ကျောသားရင်သားလည်းမခွဲခြားဘူး
သံသယဟာ သံသယအတိပြီးတယ်
သံသယဟာ သူကိုယ်သူ သံသယမရှိဘူး။

သံသယကို ကုစားဖို့အတွက်
သံသယဟာ
သံသယကိုတပ်ဆင်ပြီး သံသယကိုစစ်ထိုးတယ်
ပြီးတော့…
သံသယ အောင်ပွဲခံလို့
သံသယဟာ မီးမငြိမ်းတော့ဘူး။
သံသယဟာ အခုတလော လူကြိုက်အများဆုံးရောင်းကုန်
သံသယဟာ လူပြောအများဆုံးသတင်းစကား
သံသယ စာမျက်နှာပြည့်ဖော်ပြခံရတယ်
သံသယ ကို Live ထုတ်လွှင့်သွားတယ်
သံသယကို upload တင်ကြတယ်
သံသယကို like ကြတယ်
သံသယကို Share ကြတယ်
ဒီလိုနဲ့
ရှင်တို့ သံသယရှိဖို့ ဒီကဗျာကို ရေးလိုက်ပါတယ်
သံသယအပြည့်ဖြင့်…။


သွန်းနှင်းအိမ်
(တောင်တွင်းကဗျာများစာအုပ်မှ)(ဧပြီ ၂၀၁၃)

စောင်းကြီးတီးခဲ့တယ်(ဗျက်စောင်းကြီး)

$
0
0


ဦးနေ၀င်းကို နည်းနည်းသိသလို ဖြစ်လို့
ဒန့်သလွန်ပင်ကြီးစိုက်ခဲ့တယ်
ဒေါက်တာမောင်မောင် ၀င်ပြောလို့ စံပယ်ပန်းလေးမောသွားတယ်

ပြည်သူ့ဘက်က ဦးတင်ဦးရယ်
ဦးအောင်ကြီးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်
ခေါင်းချင်းတိုက်ဆွေးနွေးပီး ဒီမိုကရေစီကို အထုံးဖြည်ကြတယ်

ကျောင်းသားသမဂ္ဂလည်း ဗိုလ်ချုပ်လမ်းပ်ါရောက်ခဲ့သလို
ဆေးတက္ကသိုလ်လည်း ဗိုလ်ချုပ်လမ်းပေါ်ရောက်ခဲ့တယ်

မြန်မာ့အသံဝန်ထမ်းလည်းရောက်ခဲ့တယ်
နောက် မြောက်မြားစွာသော လက်လုပ်လက်စားတွေရောက်ခဲ့တယ်

အုန်းသီးမှမသီးခင်ထန်းရည်ကြိုအသောက်ချင်လို့
ကဗျာ ကယာရေးမိတယ် ဆိုပါတော့လေ ......................

အမေ့ဗိုက်ထဲမှာ ကွေးလို့ကောင်းတုန်း
မဆလကို ဖြိုခွဲနေတဲ့ ကြွေးကျော်သံလောက်
နားထောင်လို့ကောင်းတဲ့ ဂီတ
ခု ပြန်မရတော့ဘူး………………

သက်ငြိမ်သစ်

ငယ်ငယ်ကငါတို့လို…

$
0
0



ငယ်ငယ်က ငါတို့လို
ငယ်ငယ်က ငါတို့မဟုတ်တော့ဘူး…
ငါတို့ပြန်ပြန်မငယ်တော့
ငါတို့ငယ်ငယ်ကလို အိမ်မက်မမက်
ငယ်ငယ်ငါတို့လို ငါတို့စိတ်ကူးမယဉ်တော့
ငါတို့ … မရင့်ကျက်ခဲ့ရင်နေ
ငါတို့ နုပျိုမနေတော့ဘူး…
ငယ်ငယ်က ငါတို့မှာ ကိုယ်အတွက်ကိုယ် စိတ်မပူတတ်သေး
ငါတို့ငယ်ငယ်က သီချင်းတွေဆို ကဗျာတွေရေး စာအုပ်တွေဖတ်
ငယ်ငယ်က ငါတို့မှာ အရာရာတက်ကြွ
အခုငါတို့မှာ နောက်များမှပေါ့လေ အခုမှမအားသေးတာ
ငါတို့ငယ်ငယ်က စဉ်းစားလိုက်တိုင်းဖြစ်တယ်
အခုငါတို့မငယ်တော့ နေ့ရွေ့ညရွေ့ ဆင်ခြေတွေရွေ့လို
ငယ်ငယ်က ငါတို့အားလုံ စိတ်တူကိုယ်တူ
ငါတို့အားလုံး စိတ်သွားတိုင်းကိုယ်ပါလို့
အခုငါတို့မှ.. တစ်ယောက်နဲ့တစ်ယောက်
ပွင်းလင်းမြင်သာဖို့ ခြိမ်းခြောက်လို့
ငါတို့မငယ်တော့ ငါတို့အကွက်တွေရွေ့လာရတယ်
အကြောင်းတွေပြလာရတယ်…
ငယ်ငယ်ကငါတို့မှာသွေးရိုးသားရိုး
အမှားမှာတောင် ရိုးဂုဏ်နဲ့လှနေတယ်
အခုငါတို့.. ကောက်ကောက်ကွေ့ကွေ့ အမှန်တရားကို
မာယာတွေနဲ့မျှားလို့…
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
ပြိုင်ကွင်းတဲ့မောင်းသွင်းခံရတဲ့မြင်းလို…
ငါတို့ကြီးပြင်းလာတယ်ဆိုတယ်
နဖားကြိုးထိုးသွင်းခံရတဲ့နွားလို့
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
အမွှေးတွေအကုန်ရိတ်ခံရတဲ့သိုးလို….
လူကြီးဖြစ်ပြီဆိုတာ မိုးကြိုးပစ်ခံရတဲ့ ညောင်ပင်လို တိတ်ဆိတ်လို့…
မရည်ရွယ်ပဲ ညတွေနက်ခဲ့တယ်…
ခဲခဏခဏမှန်လည်း… မသေမချင်း
အတောင်အလက်ဖွာထွက်လောက်အောင်
မိုးလင်းတာနဲ့ကောင်းကင်မှာပျံတက်ရတယ်…
ငါတို့ပျက်မကျမချင်း… ငါတို့ငယ်ငယ်ကလို အိပ်မက်မက်ရ
စာအုပ်မဖတ်ရ ကဗျာမရေး…
ငယ်ငယ်ကငါတို့ဟာ ငယ်ငယ်တုန်းကလိုမဟုတ်တဲ့ လောကထဲ…။

မိုးလှိုင်ည

၈၈မိုင်ရှုခင်း

$
0
0




မြင်ကွင်းကို
နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့စဖွင့်တယ်

မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့စဖွင့်တယ်

မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့အရောက်သွားတဲ့
ငမိုးရိပ်ရဲ့သစ္စာစောင့်သိမှုနဲ့စဖွင့်တယ်


၈၈မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး
အပေါင်ဆုံးလို့





၈၈မိုင်ရှုခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင် နတ်လမ်းဂွေ့ခ်ျနဲ့ဟောင်လို့
၈၈မိုင်ရှုခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးလင်းတတွေဝဲလို့

၈၈မိုင်ရှုခင်းမှာ  
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာဖောင်လုပ်စီးလို့


၈၈မိုင်ရှုခင်းမှာ
ရန်သူကဝါရှင်တန်ဒီစီအထိတက်သိမ်းထားပြီး
သူရဲကောင်းတွေက ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့


၈၈မိုင်ရှုခင်းမှာ
တောင်ကွယ်နေစွယ်ချိန်တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့

ဂျော့ဆိုးရောစ်နဲ့သားများကုမဏ္ဍီမှာ
သုမနကျောကအရေပြားကို
တလက်မချင်းလှီးဖြတ်
ဆယ်လီဗျစ်တီတွေကလက်မှတ်ထိုးရောင်းလို့

ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်လို့
အနာဂတ်ကို လက်ပြန်ကြိုးတုပ်
အနောက်မုခ်ကထုတ်လို့

၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး
အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှဖီဆန်ကြကနေ
မီးလောင်ဗုံးမဟုတ်ဘူး မီးခိုးဗုံး

၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
ရေနန်းယာဉ်သာသင်္ဘော ပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်
မျှော်ရလှချည်လား
၁၉၉၀မှသည်
၂၀၁၅
မျှော်ရလှချည်လား


စုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ
၈၈မိုင်ရှုခင်းရဲ့အနာတရမြေပုံကို
တစချင်းဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီပါကွေးလို့


သစ်ကောင်းအိမ်

(၃။ သြဂတ်စ်။ ၂၀၁၃)



ဆိုင်းငံ့သေဒဏ်..။

$
0
0





မိုးလင်းလာတာနဲ့
အသက်မှန်မှန်ရှုဖို့
ထမင်းမှန်မှန်စားဖို့
ရေမှန်မှန်ချိုးဖို့….
နှစ်ကာလတွေဟာ တရွတ်တိုက်ဆွဲခေါ်လို့
ပြက္ခဒိန်ပေါ်က အနာဖေးတွေခွာချရင်း
တစ်လတစ်လကို
တစ်ဘ၀တစ်ဘ၀ကို အချိန်ကာလနဲ့
လောကဓံရှစ်ပါးကို ဘောက်ချာဖြတ်ရင်း
ကြီးပြင်းခဲ့တယ်
အိုမင်းခဲ့တယ်
သေဆုံးခဲ့တယ်
ယုံကြည်လွယ်အနာဂါတ်ဆီ ရေစုန်မျောဖို့
မနက်ဖြန်နဲ့ နားလည်မှုစာချွှန်လွှာလက်မှတ်ထိုးဖို့
ဈေးကွက်မ၀င်တဲ့ တန်ဖိုးကြီးကြီး သစ္စာတရားကို
အရက်နဲ့မြည်းလို့…
လောကီမှာလည်းမအောင်မြင်
လောကုတ္တရာလည်းမဖြစ်ထွန်း
ထွန်ယက်ရင်းနဲ့ ကောကောသွားတဲ့နှစ်တွေကို
လူဟာသေဖို့အတွက်အကြွေးကျန်နေတယ်…
ဘယ်သူ့ပြစ်ဒဏ်လည်း…
ရှင်ခြင်းမှာနာကျင်ပြီး သေခြင်းမှာအေးစက်ရမယ်
ကိုယ်က ဘယ်ဘုရားဆီမှလည်း အယူခံမ၀င်ချင်ဘူး…
ကျွန်တော်ငရဲကို တစ်လွှာလုံးငှားချင်တယ်
လူဆိုတာ ဆိုင်းငံ့သေဒဏ်နဲ့ အသက်ရှင်နေထိုင်ရတာချည်းပဲ
တစ်ခါတစ်ခါ ကိုယ့် ကိုယ်ကို အပြည့်အ၀နားလည်နိုင်ဖို့လိုတယ်…
ထင်သလောက်လည်း မလွယ်ပါ။

မိုးလှိုင်ည

မေမေ့ ကို ဘယ်တော့မှ မမေ့ဘူး..။

$
0
0
 

ဒီစာအုပ်လေးကို Synergy က ကိုသုတက ကျွန်တော့်အတွက် လက်ဆောင် ဆိုပြီးတစ်အုပ်ပေးလိုက်တယ်။ မျက်နှာဖုံးလေးက ဆွဲဆောင်မှု အားကောင်းတယ် အဘွားအိုတစ်ယောက်က လူလတ်ပိုင်းတစ်ယောက်နဲ့ ကမ်းခြေမှ လမ်းလျှောက်နေတာလည်း ဓါတ်ပုံလေးက အားကောင်းတယ်လို့ စဉ်းစားမိနေတုန်း… မနိုင်းနိုင်းစနေရဲ့ အမေ့အတွက်စာ ဆိုတော့ ထုံးစံအတိုင်းပဲ ရိုးရိုးရှင်းရှင်းရေးဟန်နဲ့ သူ အင်တာနက်ပေါ်က ကောင်းနိုးရာရာလေးတွေ စုရေးထားမှာလို့ ထင်မိတယ် … သူပထမဆုံး စာအုပ် အမေ့လက်ရေးကို ကျွန်တော်စီစဉ်တာဆိုတော့ သူ့ရေးဟန်ကို အလွတ်နီးပါးရနေပြီ...။ သူ့စာတစ်ပုဒ်တိုင်းကို ကျွန်တော် အကြိမ်၂၀မက ဖတ်ဖူးတော့ စိတ်ထဲ သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်မိဘူး…။ နောက်ပိုင်း မနိုင်းနိုင်းစနေ စာအရေးအသားတွေ ပိုကောင်းလာတယ် ဆိုတာတော့ သတိထားမိတယ်..။ ဆိပ်ကမ်းသာလမ်းနဲ့ ၃၈ လမ်းထောင့်က မွန်းဘာကရီမှာ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားလို့ ထိုင်စောင့်နေရင်း စာအုပ်ကို လှန်ကြည့်မိတယ် အတွင်းဖုံးထဲက အမှာစာကနေ စဆွဲဆောင်တော့တာပဲ… ကိုရီးယား စာရေးဆရာ တစ်ယောက်ရဲ့စာတဲ့ အုပ်ရေ သန်းနဲ့ချီရောင်းရတဲ့ အပြင် နိုင်ငံခြားဘာသာစကားတွေကိုလည်း ပြန်ဆိုနေတဲ့စာဆိုတော့ နည်းနည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်…။ ခေါင်းထဲမှာ စဉ်းစားမိသမျှ ကိုရီးယားတစ်ယောက်ယောက် ရေးတဲ့စာကို ကိုယ်တစ်ခါမှ မဖတ်မိခဲ့ဖူးဆိုတာပဲ.။ တရုတ်စာပေ အရှေတိုင်းစာပေတွေ အနောက်တိုင်းစာပေ အမေရိကန်စာပေ ဘာသာပြန် စာပေ တော်တော်များများ ဖတ်ဖူးပေမယ့် ကိုရီးယားစာအုပ်တစ်အုပ် ဘာသာပြန်တာကို ဒါပထမဆုံးဖတ်မိတာပါ..။ စာအုပ်ထဲက အကြောင်းအရာတွေ ပြန်ရေးပြချင်ပေမယ့်…။ သူ့စကားလုံးတွေ စာသားတွေ ခံစားဖန်တီးနိုင်မှုအားတွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ကျွန်တော့်ဝါကျတွေက စွမ်းနိုင်မှာ မဟုတ်ပါဘူး..။ စာအုပ်ကို စလှန်လိုက်ကတည်းက စာမျက်နှာငါးဆယ်အထိ တစ်ဆက်တည်းခေါ်သွားပါတယ်…။ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစက်ငြိမ်သက်သွားတယ် စီးကရက်ကပြာတောင့်ရှည်ကြီးတွေနဲ့ ဆေးလိပ်ခွက်ထဲမှာသေဆုံးသွားတယ် စာအုပ်ကြားထဲ ကျွန်တော် လိပ်စာကဒ်လေးညှပ်ပြီး မျက်တောင်ကိုပင့်ယူ လိုက်ချိန်မှာ ဒီစာအုပ်ပြီးသွားမှာကိုတောင် နှမြောတဲ့စိတ် အလိုလို ၀င်လာပါတယ်…။  လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ပြောရရင် စာအုပ်က အတော်ကောင်းပါတယ်..။ သားသမီးဖြစ်ဖူး သူတိုင်း မိဘဖြစ်မယ့်သူတိုင်း ၀ယ်ယူထားသင့်တဲ့ လက်ဆင့်ကမ်းပေးဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဒီစာအုပ်အတွက် မူရင်းရေးသားသူ Kyung – Sook Shin နဲ့ မကြီး နိုင်းနိုင်းစနေ၊ Synergy မှ ကိုသုတ တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း…။

( စာကြွင်း… ကျွန်တော်နဲ့ အမေနဲ့တော့ သိပ်မတည့်ပါ... အမေ့အတွက် ကျွန်တော်ဟာ လူဆိုးကြီး ဖြစ်နေပါတယ်..။ ဒါပေမယ့် အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ စာသားတစ်ခုလိုပါပဲ… လူဆိုးတွေလည်း တိုးတိုးလေး လိမ်မာခဲ့မှာပဲ အမေ။)

ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည


ကဗျာဆရာအကြောင်း သုတေသန

$
0
0
ကဗျာဆရာ ဆိုတာ နိုင်ငံရေးသမား မဟုတ်၊ နိုင်ငံ့အရေးကို စိတ်ဝင်စားတယ်။ ကဗျာဆရာဟာ ဒဿနဆရာမဟုတ် တွေးခေါ်တယ်။ ကဗျာဆရာဟာ တရားဟောဆရာမဟုတ် စာမျက်နှာပေါ်ကနေ အမြဲပြောကြားနေတယ်။ ကဗျာဆရာဟာ လူရွှင်တော်မဟုတ် သင့်ကို ပြုံးရွှင်ရယ်မောစေဖို့ ကြိုးစားတယ်။ ကဗျာဆရာ ဟာ နတ်ဟောဆရာ မဟုတ် အနာဂတ်ကို ကြိုတင်ပြောတယ်။ ကဗျာဆရာဟာ ဥပဒေပညာရှင် မဟုတ် တရားမျှတမှုကို ဆောင်ကြဉ်းတယ်။ ကဗျာဆရာဟာ သူတော်စင်မဟုတ် သူ့ရင်ထဲရှိတာကို အရိုးဖြောင့်ဆုံးထုတ်ဖော်တယ်။

ဈေးတန်းထဲက ဗယာကြော်ကလေး ဘာကြောင့်သေးသွားလဲလို့ ကဗျာဆရာက သတိထားကြည့်နေတယ်။ မိုးချုပ်တဲ့ အထိ ညစာမကျက်သေးတဲ့ မိသားတစ်စုအကြောင်းကို ကဗျာဆရာက ပြောပြဖို့ ကြိုးစားပါတယ်။ ငွေရေတွက်စက်တွေ တ၀ီဝီလည်နေချိန်မှာ ငွေစက္ကူအနွမ်းကလေး တစ်ရွက်ကို ကော်နဲ့ကပ်ဖို့ ကြိုးစားနေတာ ကဗျာဆရာပေါ့။ နေမင်းကြီး အရှေ့ဘက်အရပ်ဒေသဆီက ထွက်ပေါ်လာခဲ့ပြီဆိုရင် ကျေနပ်နေမိသူမှာ ကဗျာဆရာဖြစ်ပါတယ်။ ကဗျာဆရာလား သူ့အခန်းကလေးထဲက မထွက်တာ ရက်အတန်ကြာပါပြီ။


နေမျိုး
(အမှတ် - ၄၆၊ ၂၀၁၂  အောက်တိုဘာ၊ ရနံ့သစ်)

ဘ၀-၁

$
0
0

လွယ်လွယ်လေးပဲလား
ခက်ခက်ကြီးပဲလား…
လောကဓံဟာ ဘ၀မှာ အမြည်းမရတဲ့
တခွန်းဈေး။

မိုးလှိုင်ည

မိုက်ရူးရဲ

$
0
0


အဆင်မပြေခဲ့တဲ့ တိမ်စား ရွှေသောက် မိုက်ရူးရဲ
ဝေးသွားတော့မှာ သိလို့ ကြိုပြေးထားတယ် အမှောင်တွေထဲ
သူတို့ငိုမယ်ဆိုရင်တောင် ငါကမသိနိုင်ခဲ့တော့
အတွေးအငွေ့ အတွေ့တွေထဲမှာမွပ်သိပ်ပိတ်နေမိခဲ့ပေါ့
သိတယ် သိတယ် အေးသွေးစက်အေးစက်လမ်းများ
ကျောရိုးထဲကိုထိုးစိုက် ရက်စက်ခဲ့တဲ့ဓါးသွား
တားမြစ်ခြင်းထားရစ်ခြင်း တွေဝေရီဝေစည်းချက်
ထက်မြက်ခဲ့တဲ့ အမျက်ထွက် ပညာရှိရဲ့ လှည့်ကွက်
အဆိပ်တုံးစားမိခဲ့တဲ့ လမ်းဘေးမြောင်းအောက် ခွေးများ
အရင်တုန်းကဦးလှထွတ်ရဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်

၁- ၂- ၃
၎ ဆိုတဲ့ နံပါတ်တစ်ခုဦးခေါင်းခွံထဲမှာလိပ်ပြာတစ်ကောင်လို
တောင်ပံတွေတဖျတ်ဖျတ်ခပ် တံလျှပ်လိုဒဏ်ရာတွေပြို
ကျဆုံးခြင်းတွေမျိုချ အလိုမကျတဲ့ ပန်းခင်းထဲမှာ
စနစ်တကျဖြစ်တည်နေတာကွက်လပ်အပွင့်တွေသန်းပေါင်းများစွာ
ရွှေမင်းသားလေးချီးပန်းတဲ့အထာအိညောင်အိညောင် မနေတတ်တော့
နားလည်မှုတွေ လွဲခွင့်ရှိကြောင်းနားမလည်ဘူးလို့ ငြင်းလိုက်ဦးပေါ့
လာမရှုပ်နဲ့ လုပ်မိလိမ့်မယ် ၃- ၀ - ၂
ကောင်းကင်ထက်က ငါ့အတွက် ကြွေဆင်းလာမယ့်ကြယ်တွေ ဘေးဖယ်
ရန်ကုန် ရန်ကုန် ဟေးးး ပြန်ဆုံချင်ပါသေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်….


ငါ့ကို ငါ လိမ်ပြောနောက်ရက်ကျရင် ကောင်းသွားလိမ့်မယ်
ငါ့ကို ငါ သစ္စာဖောက် နောက်ဆုံးတစ်ခေါက်ရောက်ရင် သတ္တိရှိမယ်

သန္ဒေသားလေးဘ၀ အမိုးဗိုက်ထဲမှာနေခဲ့တုန်းက
ကြည်နူးမိတယ် ကမ္ဘာကြီးရယ် နွေးထွေးခြင်းတွေ စောင့်ကြိုနေမယ်
ကောင်းလိုက်တဲ့ ငါ့ရဲ့ကံမိုးပေါ်အပ် မြေကြီးအပ်
ထိပ်ချင်းထပ်ခဲ့တာထက် ပိုခက်ခဲ့ရတယ် ဆိုပဲ
ရင်ခုန်လို့မှ မဆုံးသေးခင် လည်ပင်းထက်ကိုရစ်ပတ်
အင်ဘီလစ်ကယ် ကောဒ့်ရဲ့ နှုတ်ဆက်အသက်ရူခပ်ကြပ်ကြပ်
ပထမဆုံးဝင်သက် မတိုင်မီထဲကရုန်းခဲ့ရပြီး
ထွန်းညှိကျွမ်းညှော်ပေါက်ထွက်ခဲ့တ့ စိတ်ဓါတ်လျှပ်စစ်မီးသီး
မျှော်လင့်ချက်တွေကန်ပြီရှေ့မဆက်ချင်ခြင်းရဲ့နောက်ကွယ်
အ၀င်ကို မရွေးခဲ့ပေမယ့် အထွက်ကိုတော့ ရွေးချင်သေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ…..
----------

ကောက်ရိုးမီး


အသံဖိုင်-မိုက်ရူးရဲ

(၃၁) ဘုံအတွင်းမှ . . . (၁၃) သို့

$
0
0
တစ်ယောက်ရဲ့
အရေပြား ကို တစ်ယောက်က
ချည်နှောင်ကြရင်း
( အရေပြား တစ်ခြား ၊ လူ တစ်ခြား )
အရေပြားတွေ ကျွတ်ကျကုန်တတ်တာလဲ
သိခဲ့တယ် .. .. .. ၊၊
နှုတ်ခမ်းတွေက အန်နေကြတာ
တရားနဲ့ ဖြေမှ ရမယ့်
မေးခွန်းတွေမှန်းလဲ သိတယ် .. .. .. ၊၊ ၊၊

လွမ်း လို့
သေ သွား ခဲ့ ရင် တောင်
ပျော် မှာ ပဲ တဲ့
အဲ့ဒီ .. .. .. ..
ရေခဲတုံးလေး
ကန္တာရ ဆီ ခရီးထွက်သွားခဲ့တယ် ၊၊ ၊၊




ဇာတိ (Doi)

အဆိပ်ဖြေဆေး

$
0
0
ဖြိုချခြင်း၊ ပြိုကျခြင်း
ဗိုလ်ကျခြင်း၊ ငိုရခြင်း…
ရင်းနေတဲ့အနာတွေ ရှိပေမဲ့
သီချင်းတွေနဲ့ကဗျာတွေ လည်းရှိလို့
လင်းနေတဲ့ကမ္ဘာမြေကို ချစ်တယ်။

ဘ၀ ၂

$
0
0

သေချာတာက သေမှာပဲဆိုတာ
ကိုယ့်ကိုယ်ကို မထင်သမျှ…
လုပ်သမျှကို အဟုတ်မှတ်လို့…


မိုးလှိုင်ည

ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့

$
0
0


ဘုရားသခင်ဆိုရင်လည်း
သူလိုကိုယ်လို ဘုရားသခင်ပဲနေမှာ ဒါပေမဲ့
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
အချစ်အလွမ်းနဲ့ ဒူးတင်ပေါင်တင်
မလိမ်မိုး မလိမ်မာ အနေအထိုင်ကပဲ
ကြည့်လို့ပိုအဆင်ပြေသလိုလို
ဒါရန်ကုန်ပဲ
မပြောလည်းသိကြမယ်
မသိလည်းပြောကြပေါ့
ရန်ကုန်ဟာ အုပ်စုနဲ့ စပွန်ဆာနဲ့
လျှပ်စစ်မီးဟာ ABCD
ကိုယ့်သွေးအုပ်စုနဲ့ ကိုယ့်အတင်းမောင်းလို့
အောင်မြင်ကျော်ကြားသူများကလပ်မှာ
ခင်ဗျားလည်း member ဖြစ်နိုင်တယ်
ခင်ဗျားရဲ့ ထင်ရှားတဲ့ ထင်ရှားတဲ့ အမှတ်အသားဟာ ဒါပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
ရုပ်ရှင်ရုံတွေမှာဟာသကားတွေ အ၀င်အထွက်များပြီး
ကဗျာဆရာတွေ အရက်စုသောက်နေတတ်တာ ရန်ကုန်ပဲ
ပါဝါအရွှေ့အပြောင်းနဲ့
မျိုးဆက်ကွာဟမှု
အနုပညာနိဂုံးအယူအဆနဲ့ရန်ကုန်ပဲ
အောက်ခြေမှတ်စုနဲ့
သုတေသနအသုံးစရိတ်နဲ့
မီဒီယာလွတ်လပ်ခွင့်နဲ့
ကိုရီးယားအသားကင်နဲ့ ရန်ကုန်ပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
လက်လှုပ်သလောက် ပါးစပ်လှုပ်နိုင်တာလည်း ရန်ကုန်ပဲ
သီချင်းကလေး တစ်အေးအေး
လေကလေး တစ်ချွန်ချွန်ဒီလို
ဘ၀လွန်မသားတွေ ရှိနေတာလည်း ရန်ကုန်ပဲ
ဘ၀ကို လုံးထွေးပြီး
ခုံးကျော်တံတားတစ်ခုခုအောက်မှာ ချထားလိုက်
အဆင်ပြေလှတဲ့လူကော် “မ” သွားလိမ့်မယ်
ဒီတစ်လနဲ့ မရရင် နောက်တစ်လ
ပဒုတစ် အခန်းဆက်ရှည်နေတာလည်း ရန်ကုန်ပဲ
မလိုအပ်ရင် အသံကျယ်ကြီးတွေ မထွက်ပြနဲ့
ဟွန်းမတီးနဲ့ ပိတ်မရပ်နဲ့
ကျော်မတက်နဲ့ ဒါရန်ကုန်ပဲ
ရန်ကုန်ဟာ တစ်ယောက်စတာနဲ့ အကုန်ပါတာပဲ
အခုပဲ စူလာနဖာ
အခုပဲ ပိစပ်ရွက်
ဒါကြောင့်ပြောတာ ရန်ကုန်ကို အဆက်အသွယ်မဖြတ်ပါနဲ့လို့။ ။


Aမွန်

မမလီဆာလိုင်ဇာ ရောက်ဘူးလား

$
0
0


 

 

မမလီဆာလိုင်ဇာ ရောက်ဘူးလား

 

မမလီဆာဟာ `ဒိုင်းနမိုက်´ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေတဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
`ဒိုင်းနမိုက်´ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ `ဒိုင်းနမိုက်´
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
`ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
`ဒိုင်းနမိုက်´၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊`ပြည့်ဝ´မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
`မောင်´သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
`သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဘက်နိုင်ငံထဲခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး ၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု ၊ လက်တုကအစ အတုတွေတပ်စင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စုအထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဘိုးနဲ တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့ ၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်းကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ် ၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။



ဇေယျာလင်း
1 – Jan – 13

http://zlkontempo.com/?p=731
 

“အမြင့်ကြောက်သူ”

$
0
0
အမြင့်ကိုမရောက်မချင်း
ကျွန်တော့်ကိုကျွန်တော်
အမြင့်ကြောက်တတ်မှန်း မသိဘူး…
အမြင့်ကိုတက်ရတာ အန္တရာယ်များမှန်း မသိခဲ့ဘူး..
ငယ်ငယ်က ကိုယ့်ကိုကိုယ် အမြင့်ကြိုက်သူလို့
ထင်ခဲ့မိတယ်…
တစ်လွဲပဲ
ကျွန်တော်ဟာ အမြင့်ကိုရောက်လာလေ
အမြင့်ကိုပိုကြောက်လာလေလေပဲ
များများမြင့်ရင် မြန်မြန်ပြုတ်ကျပြီး
များများနာတတ်တယ်ဆိုတာ
မြင့်မြင့်လာမှပိုနားလည်လာမိတယ်
မြင့်လွန်းရင်လေတိုက်နှုန်းကအစ
အန္တရာယ်ပဲ
အမြင့်ကပြန်ဆင်းရရင်လည်း
ကြောက်ဒူးတွေတုန်လို့
အမြင့်ဟာမလုံခြုံဘူး
အမြင့်ဟာအန္တရာယ်များတယ်
သိပ်မြင့်လွန်းရင်လေးဖက်တွားတက်ရတာ
အမြင့်ကြီးမှာအကျမနာချင်လို့
ကုပ်ကပ်တွယ်ထားရထာတာကော
အမြင့်မှာ ဒဏ်ရာဒဏ်ချက်တွေ
ပွန်းပဲ့ထိရှလွယ်လို့
ဘဝနဲ့ဘ၀င် ကျွန်တော်ဘာမှမမြင့်ချင်တော့ဘူး
အမြင့်ကြီးကို အများကြီးကြောက်မိလာလို့….။



မိုးလှိုင်ည

တစ်နှစ်ပတ်လုံး ဂျလုံးပလုံး

$
0
0

ခရစ္စမတ်ညမှာ မြေစာပင်

နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့

အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်

ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ

မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး

ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ ထိုးဇာတ်များ
အနီရောင်စာတန်းများ

အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်

ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ

ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ် တောင်တန်းတွေ

ဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို

“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို

အမြဲလို
ခြောက်လှန့်နေတယ်

ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ

ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက

အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ

ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်

ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်

သွေးတိုင်းဟာ မြေကြီးထဲပဲ စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား

ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ

ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း ဝိုင်းပတ်ကခုန်လို့

ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ

မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ စိုက်ပါစေတော့


သိုးထိန်း (အန္တိမ)


 
Viewing all 73 articles
Browse latest View live